ငယ်ငယ်တုန်းက ကျွန်တော့်စိတ်က လူကြမ်းတစ်ယောက်၏စိတ်မျိုး ။ လူပုံကလည်းကြမ်းသည် ။ စကားပြောရင်လည်းတစ်တစ်ခွခွနိုင်သည် ( သူများတွေပြောလို့သိရတာ) ။
ပေါင်းကတည်းက ယောင်္ကျားလေးတွေနဲ့သာပေါင်းသည် ။ မိန်းကလေးတွေနဲ့မပေါင်း ။ မခင် ၊ အရောမ၀င် ။ ထုတ်စီးထိုးတမ်း ၊ တွတ်ထိုးတမ်း ကစားမှသာ …ရွာအရှေးပိုင်းက အစ်မလုပ်သူတွေနဲ့ အတူ ၀င်ပါသည် ။
ကျွန်တော့်  အစ်ကို နဲ့ ညီဖြစ်သူတို့နဲ့ မတူ ။ သူတို့က နုသည် ။ လူပုံကလည်း နု သလို …စကားအပြောအဆိုလည်း နုသည် ။ စိတ်လည်းနု ပုံရသည် ။(ကျွန်တော်က အားမရ) ။ အစ်မတွေ နှစ်မတွေနဲ့ သင့်မြတ်သည် ။ ကျွန်တော်နဲ့ ကတော့မသင့်မြတ် ။ သူတို့က စကားပြောရင် ဘောက်စပ်စပ်ပြောတတ်သည့် ကျွန်တော့်ကို မချစ်တာလည်း အဆန်းတော့ မဟုတ် ။ ကျွန်တော်ကလည်း စိတ်မထင်ရင် မထင်သလို ပြုမူပြောဆိုသည် ၊ ဘောင်းဘီ ချွတ် ဖင်ကုန်းပြပြီးပြောင်ရင်လည်းပြောင် ပြတတ်သည်။ ဘယ်သူ့မှ မကြောက်တတ်ခဲ့ ။ အစ်ကို တို့က အစ်မတွေ နှစ်မတွေနဲ့ အတူရှိနေချိန်မှာ ကျုပ်ကတော့ ကျုပ်ကောင်တွေနဲ့ ၊ လက်စွဲတော်လောက်လေးခွ တစ်လက်နဲ့ပေါ့ ဗျာ ။
ညနေကျောင်းဆင်းပြိဆိုတာနဲ့ လောက်လေးခွတစ်လက်နဲ့ ရွာရိုးကိုးပေါက်လျောက်လယ်ပြီး ငှက်ပစ်တယ် ။ ငှက်ရတဲ့ နေ့ တွေရှိသလို ၊ ငှက်တစ်ကောင်မှ မမှန်ပဲ မိုးချုပ်သွားတဲ့နေ့တွေလည်းရှိရဲ့ ။ ထူးခြားချက်တစ်ခုတော့ရှိတယ် ။ ငှက်တွေကို မြင်မြင်ထင်ထင် ပျံရင်းလွှားရင်းအချိန်မှာ ပစ်ပေမဲ့ ငှက်အိပ်တန်းတက်ချိန်မှာတော့ ဓာတ်မိးထိုးပြီး ပစ်ခြင်းတော့ မလုပ် ။( ညဆိုရင် ငှက်က မပျံတော့ ၊ ဓာတ်မိးထိုးထားပြီးပစ်ရင် အသာကလေးရသည် ။) ကျွန်တော်က အပိုင်ရသည့်အလုပ်ဆို သိပ်စိတ်မပါဘူးထင်သည် ။ အိပ်နေသည့် ငှက်ကို စိမ်ပြေနပြေချိန်ရွယ်ပြီး ပစ်ရမှာ ကို စိတ်မပါ ၊ အင်း ကြောက်လည်းကြောက် ၊ သနားလည်း သနားသည် ။
အိမ်က အမြဲအော်ငေါက်သည် ။ သို့သော် မရိုက် ။ အရိုက်ခံရရင်းလည်း ကျန်တဲ့ညီအစ်ကိုတွေလို ချက်ချင်းစိတ်ပြေသည့် လူမျိုးမဟုတ် ။ ရွဲ့သည် ။ပဲ့သည် ။ လုံးဝမခေါ်တော့ ။ ပြန်ချော့မှ ခေါ်သည် ။ ဆိုတော့ ….ရိုက်ခဲသည် ။
တစ်ချို့နေ့တွေဆို အိမ်ဘေးက လူကြီးတွေနဲ့ ( ကျွန်တော့်အရွယ်တွေလည်းပါသည် ) ဖွတ်လိုက် ၊ ပဒတ်လိုက် ၊ ရှဥ့်လိုက် ထွက်သည် ။ ခွေးတွေ တဗြုံ နှင့် ။ ကျွန်တော်အင်မတန်ပျော်သည့် အချိန်များဖြစ်ခဲ့သည်။ နေဘယ်လောက်ပင် ကျွက်ကျွက်စူနေပါစေ လိုက်သည် ။ ဘယ်လောက်ဝေးဝေးသွားသွာား အရွယ်နှင့် မလိုက်အောင် လိုက်သည် ။ (အင်းခုမှ စဉ်းစားမိသည် ၊ ကျွန်တော်ကပလီ အသားမျိုး ဖြစ်သွားတာ အဲဒါကြောင့်များလားလို့ ) ။
ပဒတ် ကို လျှောကွင်းလုပ်ပြီး ထောင်ခဲ့သည် ။ နောက်နေ့ပြန်လာကြည့် ချိန် မိနေတာတွေ့ရင် အရမ်းပျော်ရသည် ။ ငုံးလည်းထောင်သည် ။ ခိုလည်း ထောင်သည် ။ (နေကျွက်ကျွက်စူ အောင်ပူသည့် အချိန် ခိုတွေပေါသည့် ယာအရိုင်း မြေပြောင်ပြောင်ပေါ်မှာ ၀မ်းလျားကြီးမှောက်လို့ ခိုမမြင်အောင် ပုန်းလျိုးကွယ်လျိုး တွားသွားခဲ့ဖူးသည်။ ၀မ်းဗိုက်ကို ဆူးခြစ်တော့လည်း မမှုခဲ့ပါ) ။ ငှက်လည်း ထောင်သည် ။
တစ်ခါက အိမ်မှာ စာကလေးတွေ ကို ထောင်ချောက်လုပ်ပြီး ဖမ်းသည် ။ ဆန်စေ့ကို ကြော့ကွင်းလုပ်ထားသည့် အလည်မှာ ချထားသည် ။ ငှက်လေးတွေက မောင်းပေါ်တင်ထားသည့် ဆန်စေ့ကို တောက်လိုက်မိပါက တဲတဲလေး တင်ထားသည့် မောင်တံက လွတ်၍ ကြိုးကွင်းစွပ်နေမည်ဖြစ်သည် ။ အိမ်မှာ က အဘမွေးထားသည့် ကြက်တွေရှိသည် ။ (သေးမပေါက်သည့် ကြက်တွေပါ) ။ ကြိးကြိးငယ်ငယ် အကောင် သုံးလေးဆယ်လောက်ထိရှိသည်။ ထိုထဲမှ ကြက်မကြိး တစ်ကောင်က ကျွန်တော် အပြင်ခဏ ထွက်တုံး အစာလာတောက်သည် ထင့်……. လျောကွင်းက လည်ပင်း မှာ အစ်၍ ဆန့်ဆန့် ကြီးသေနေတာတွေ့ရသည် ။ကျွန်တော် အတော်တုန်လှုပ်သွားမိသည် ။ ကြက်ပေါက်ကလေးတွေရဲ့ အမေ လည်း ဖြစ် ၊ လုပ်ချင်ရင် လက်မနှေးသည့် (မြေးတူအဘိုးဖြစ်သည့် ) အစ်ဘရဲ့ ကြက်လည်းဖြစ်မို့ ….ဒေါသ အမျက် အစွမ်းမကုန်တကုန် ထွက်နေမည့် အဘ၏မျက်နှာကို ပဲ မျက်စိထဲပြေးမြင် နေမိသည် ။ အဲဒီနေ့က ကြက်မကြိး ကို လူမသိအောင် တွင်းတူးမြေမြှပ်ပစ်ခဲ့ရလေသည် ။ ကြက်ပေါက်ကလေးတွေ မအေမရှိတော့ ယောက်ယက်ခက်နေကြသည် ။ အော်ကြဟစ်ကြသည် ။ တစ်ခြားကြက်ပေါက်မိခင် ကြက်မကြီးကို သူတို့ မိခင်အထင်နှင့် ပြေးကပ်ကြတော့ ဟို က ထိုးဆိတ်လွတ်သည် ။ ကျွန်တော်ရင်ထဲမကောင်း ။ ( ထို အဖြစ်အပျက်သည် ကျွန်တော့် ရင်ကို ထိမှန်သည် ၊ နောင်မလုပ်ဖို့ရင် သတိပေးသည့် အချက်လည်းဖြစ်သည် ) ကျွန်တော့်ကို အသိတရားဝင်စေသည့်နောက်အဖြစ်အပျက်တစ်ခုကား…….အိမ်ခေါင်မိုးပေါ်မှာ အကျွိကျွိအော်ပြီး ကလေးကို အစာကျွေးနေသည့် မိခင်ငှက်မတစ်ကောင် ။ကျွန်တော် ချိန်ရွယ်ပစ်လိုက်သည့် လောက်စာလုံးက ရင်အုပ်ကို တဲ့ ထိသည် ။ အမွှေးတွေစုတ်ဖွာသွားသည် ။ အိမ်ခေါင်မိုး( ထန်းရွက်မိုး) ပေါ်မှ တလိမ့်ကောက်ကွေးကျလာသည့် ငှက်မကြီးကို မြင်တော့ ..၀မ်းသာရမည့်အစား တုန်လှုပ်ခြင်းဖြစ်ခဲ့လေသည် ။ စိတ်မကောင်းခြင်း သာ ဖြစ်ခဲ့လေသည် ။ ကျွန်တော် တော်တော်နဲ့ စိတ်မကောင်းဖြစ်တာမပြေ ပျောက်ခဲ့ ။ နောင်ကို စာကလေးတွေကို ဘယ်တော့မှ မသတ်တော့ ဟု ဆုံးဖြတ်ချက်ချလိုက်လေသည် …။
စာကလေးတွေကို သာ မသတ်တော့တာ….ကြွက်ကတော့သတ်သည် ။ ပဒတ်လည်း သတ်သေးသည် ။ အိမ်က ပဲစဉ်းငုံ ပုံ ၊ ကောက်ရိုးပုံရှိတော့ ကြွက်ကလည်း ပေါသည် ။ ကြောင်ပင်ခုတ်လို့မနိုင် ။ ဇော်မျိုးထက် သုတ်ရင်တော့ ပြောင်ချေမည် ဟု အတွေးဝင်ခဲ့ဟန်တူသည် ။ အိမ်အနောက်ဘက်က ရွယ်တူ ကောင်လေးတစ်ယောက်နဲ့ ပေါင်းကာ ကြွက်နှိမ်နင်းပွဲစတင်ခဲ့သည် ။ သူကလည်း ကြွက်ထောင်တာ ကြွက်ပစ်တာ အင်မတန်လက်လိုက်သည် ဆိုရမလောက်ပင် ။ ကြွက်ကို ကျောက်ပြားချပ်ကြီး ဖြင့် (ခဲပိမောင်း) ထောင်သည်။ မောင်းတံကို ကြွက်ကြိုက်တတ်သည့် အစာထိုးထားသည် ( အမဲဆူ ခြောက်၊ ခရမ်းချဉ်သီး စသည်) ။ ကြွက်က ငတ်ငတ်နှင့် အစာကို လာစွဲပါက ဂဲ ပိ၍ အနိစ္စရောက်ရသည် ။ တစ်ည ကို 4 ကောင်ထိမိသည် ။ မိတာကလည်း အကြိးကြိးတွေချည်း..။ ရက်အတော်ကြာအောင် နှိမ်နင်းရသည် ။ကြာတော့ အိမ်ကြွက် က 2 ရက်နေမှ 1 ကောင်လောက်သာ မိတော့သည် ။ အိမ်မှာမရှိတော့ ရွာထဲလျောက်သွားကာ အပင်ပေါ်အစာရှာထွက်သည့် ကြွက်ကို ပစ်သည်။ ရလိုက်သည့် ကြွက်တွေ တစ်ကောင်ပြီးတစ်ကောင် ။ အရေခွံခွာ အူထုတ် မီးကင်ပြီး ပွဲတော်အုပ်တည်ခဲ့လေသည် ။
ကြာလာတော့ ရွာထဲမှ ကြွက်ပင်အတော်ပါးခဲ့လေပြီ ။ သုံးလေးလကြာသည်အထိ နာလန်မထူနိုင်ပေ။ (ကြွက်ခြောင်းပစ်တုန်း ဖော်မျိုးထက် ကိုပင် နာမည်ထည့် မခေါ်ရဲလောက်အောင် ပင် ။ ဇော်မျိုးထက်နာမည်ကြားပါက ထူးထူးခြားခြားပင် အပင်ပေါ်က ကြွက်တွေ ၀ရုန်းသုန်းကား ဖြစ်ကုန်သည်ထိ ကြောက်ကြပေသည်။ စကားချပ်)။ ယခု အရွယ်ထိ ရွာပြန်ရောက်တိုင်း အနောက်ဘက်အိမ်က အဒေါ်ကြီးကစနောက်သေးသည် ။ ဖော်မျိုးထက်ရေ နင်မရှိတော့ ကြွက်တွေလည်း မနိုင်ပါဘူး…ရောက်တုန်းရောက်ခိုက်လေး လုပ်သွားပါအုံးလားဟု စနောက်သည် ။
ကျွန်တော် သတ္တ၀ါ တွေကို လုံးဝ မသတ်တော့ပါ ဟု ဆုံးဖြတ်ချက်ချခဲ့သည်ကား ……။ ပဒတ်လိုက်သည့် ထိုနေ့..။ ကျွန်တော် 4 တန်းနှစ်ရောက်နေပြီ ။
ခွေးတွေ လူတွေ တဗြုံနှင့် ….။ ပဒတ်တွေ အများကြိးရသည် ။ ရသည့်ပဒတ်ကို ထန်းတော က ထန်းလျက်တဲ တစ်ခု မှာ ၀င်ပြီး မီးကင်သည် ။ ကောင်တစ်ယောက်က ကင်နေသည် ။ ကျွန်တော်တို့ က အနီးနားက ထန်းပင်ရိပ်တစ်ခုအောက်မှာ ၀ိုင်းဖွဲ့ စကားပြောနေကြသည် ။ ခဏနေတော့ ပဒတ်ညှော်နံ့ သင်းသင်းလေးက နှာဝကို လာစောင့်သည် ။ ဟေး ကျက်ပြီဟေ့ လို့ မီးကင်နေတဲ့ ကောင်က လှမ်းခေါ်လိုက်တာနဲ့ ချီတာကျားသစ်ပင် နောက်ကောက်ကျမည့် အလျှင်နဲ့ ကစုန်ပေါက်ပြေးတယ် ။ စာလောင်မှု ကြောင့် ရယ် ၊ စားချင်နေသည့် လောဘစိတ်ကြောင့်ရယ်ကြောင့် သူများတွေလို တဲ အ၀င်ပေါက်ကမ၀င် ။ ဒေ၀ဒတ် ကြံကြံမိပါသည် ။ အပေါက်မရှိသည့် တဲဘေးပေါက် က နေ အပေါက်ဖြဲ ကာ ခေါင်းငုံ့ ၀င်မိသည် ။ ခေါ်င်းပေါ်က မိုးကျနေသည့် အသားချွန်ကိုပင်မမြင်နိုင် ( လောဘ ဇော၏ ကြောက်စရာကောင်းပုံ ပြောပါတယ်) ။ အားကုန် တိုးဝင်မိရာ ထို ချွန်မြနေသည့် အတက်နှင့် ဘယ်ဖက် နားရွက် တို့ တိုးခွေ့ မိကြလေရာ ဒုန်းဒုန်းမြည်ဟီးကာ တဲပင် တုန်လှုပ်သွားရလေ၏ ။ ထိုအချိန်ထိ မိမိနားရွက် ပူသွားသည်လောက်သာထင်ခဲ့သည် ။ လက်တစ်ဖက်က ပဒတ်ကင်ကို လှမ်းနေသည် ။ ဖဲ့ယူစားသောက်ပြိးမကြာပါ ။ ဘေးနားက ကောင်လေးက ကိုဇော်မျိုးနားရွက် က သွေးတွေ နဲ့ဆိုလို့ စမ်းကြည်မိသည် ။ ဟုတ်တယ် သွေးတွေ။ နားရွက်ကလည်း ဘတ်လပ်ဘတ်လပ် ပြတ်နေသည် ။ ဟနေသည်။ ပြတ်ကျမသွားတာပဲကံကောင်းလှသည် ။ နားကို အသာလေး လက်နဲကအုပ်ပြီး ရွာဆီကို ပြန်သည် ။ ထို အချိန်ကျွန်တော် စိုးရီမ်သည်ကား ကျွန်တော့်နားရွက်မဟုတ်….အိမ်က မိဘ ။ အဆူမခံရ အငေါက်မခံရရင် ကျွန်တော်ဘာမှ မဖြစ်တော့။
အိမ်ရောက်တော့ အမေကြိးနဲ့ တွေ့ သည် ။ အမေကြိး နားရွက်ပြတ်လာလို့လို့ တစ်တစ်ခွခွပြောမိတော့ အိပ်ယာ မှ အထ အမေကြိးက ရင်ဘက်စည်တီးကာ ငိုလေသည် ။ လာကြပါအုံးဟဲ့ …ကောင်းကြသေးရဲ့လား ၊ ငါ့မြေးဘာဖြစ်သွားလဲမသိဘူး ။ နားရွက်တော့ ဆုံးပြီထင်ပါရဲ့ ဆိုကာ ဟစ် ဟစ် ငိုတော့မှ ကျွန်တော် ပိုလို ပင် ၀မ်းနည်းလာသည် ။ ကိုယ့်နားရွက်ကို နှမြောလာရသည် ။ အမေကြိးကလည်း အဲလောက်လည်း မဟုတ်ပါဘူး ဟု မရဲတရဲ သှူု့ကို ဖြေသိမ့်ရင် မိမိကိုယ်အားပေးမိသည် ။ သို့သော် ကြောက်စိတ်က ထိုချိန်က စ၀င်ခဲ့လေပြီ ။ ကျွန်တော ကံကောင်းတာ တစ်ခုတော့ရှိသည် ။ ထို အနာကို မိဘတွေ ညနေရောက်မှသိသည် ။ သိသွားတော့ ပူမိသည်။ ပြောတော့မှာပဲပေါ့ (ပွစိပွစိ) ။ ထင်သလို မပြော။ မငေါက်။ မှတ် …မှတ်…….ကောင်းတယ် ၊ သူများအသက်သက်ချင်အုံး ၊ ငတ်ချင်အုံး ၊ နည်းတောင်နည်းသေး ၊ အဲဒီနေရာက နတ်ကြိးတယ် ၊ နတ်က warning ပေးလိုက်တာ( အဲလေ ဟုတ်ပေါင် သတိပေးလိုက်တာ နေမှာ) (မှတ်ချက် ။ အမေက အင်္ဂလိပ်စာ အေဘီစီထိသာတတ်သည် ) နေမှာ ။ နောက်ထပ်လုပ်အုံးသိလား ဟု အားပေးစကားဆိုသည်။ ကျွန်တော် အတော်ပျော်သွားသည် ။
ရွာက ဆေးဆရာထံ ဆေးထည့် ဆေးထိုး ဆေးစားလုပ် ရသည် အတော်ကြာသွားသည် ။ ကြာတော့ အနာက အနာဖေးတက်ကာ စေ့သွားသည် ။ နားရွက်မှာ အဖု ထစ်လေးတော့ (အနာရွတ်တော့) ကျန်ရစ်ခဲ့လေသည် ။ထိုအတောအတွင်း ကျွန်တော် တောလိုက်သည့် အလုပ်မှ ပင်စင်ယူထားရလေသည် ။ အားနေတော့ မိမိဘာသာမိမိ ဆင်ခြင်မိသည် ။ မိမိလုပ်ခဲ့သည့် အမှုတွေကို ပြန်သုံးသပ်ကြည့်သည် ။ သတ္တ၀ါတွေကို သနားစိတ်ဝင် လာသည် ။ ကိုယ်ချင်းစာ ကြည့်လိုက်လေ၊ ၀င်ခံစားကြည့်လိုက်လေ …မှားမှန်းပိုသိလေလေ။ အပေါင်းအဖော်တစ်ယောက်ပြောသည့် သတ္တ၀ါဆိုတာ လူချွတ်မှကျွတ်တာ ပါကွာ ဆိုသည့် စကားကို အဟုတ်မှတ်ခဲ့သည့် ကျွန်တော် မဟုတ်မှန်းသိခဲ့လေသည် ။ ကျွန်တော်လုံး ၀ ပဒတ်မလိုက် တော့ပါလေ၊ ကြွက်လည်းမသတ်တော့ပါ၊ ငှက်လည်းမသတ်တော့ပါ ။ အဲဒါပေမဲ့ ရွာရောက်လို့ …မိမိကို နတ်က warningပေးသည်ဆိုသည့် နတ်ကြိးသည်ဆိုသည့်နေရာရောက်ရင်တော့ အလိုလို လျှာထုတ်ပြမိလျက်သားဖြစ်နေတတ်သည် ။ ရှုးကော့ပန်းရင်ပန်းပစ်သည် ။ အရပ်ရှစ်မျက်နှာ ကို လှည့်ကာ လှည့်ကာပေါ့လေ ။ (အဲခုတော့ မလုပ်တော့ပါဘူး ။ရှက်စရာ ။ စကားချပ်)
ခုများတော့ ကြွက်ကလေးတွေမြင်ရင် ကိုကြောက်နေသည် ။သတ်ဖို့ပင် ကြောက်နေသည် ။ ငှက်ကလေးတွေကိုလည် ချစ်တတ်လာပါပြီ။ အချိန်နှင့် အတွေးအခေါ်က လူကို သင်ကြားပေးလိမ့်မည်ဆိုသည့် အသိကို ရခဲ့သည် ။ သို့ပေမင့် ကိုယ်ချင်းစာစိတ်ကတော့ အခရာပေါ့လေ……။
အေး။။။ဆိုးသားပဲ။
မင်းအမကတော့ အဲဒီလောက်အထိ မဆိုးဘူးသေးဘူး။ ငါလည်း ကဲတော့ ကဲတယ်။ အဲဒီလောက် အထိတော့ဟုတ်ဘူး။ မိန်းကလေးဖြစ်နေလို့နဲ့တူတယ်။ မင်းအရေးအသားကောင်းတယ်။ သိပ်ပြီးတော့ မကြောင်ဘူး။ တောအရပ်ဒေသကပုံတွေကို မျက်စိထဲမှာ မြင်ယောင်လာတယ်။
ဆက်ကြိုးစားထားမောင်လေး။
ရှေ့သို့……
By: thetsonehnin on November 25, 2010
at 8:04 am
အင်းပါ ။
By: zawmyohtet123 on November 26, 2010
at 9:25 am