ဘိုဖြူ ဆိုတာ ကျွန်တော်နေတဲ့ ဘုန်း ကြီးကျောင်း က ကျောင်းခွေးတစ်ကောင်ရဲ့ နာမည်ပါ ။ ဘိုဖြူ ဟာ နာမည်နဲ့လိုက်အောင်ကို ဖြူပါတယ် ။ အပြင်ပန်းသာ ဖြူတာမဟုတ် ၊ အတွင်းစိတ်ကလည်း ဖြူပါတယ် ။ သူဟာ ကျွန်တော့်ထက် ကျောင်းသက်ရင့်တဲ့ ကောင်ကြီးပါ ။ ကျွန်တော်ဒီ ဘုန်းကြီးကျောင်းကို (ကျောင်းမှာတည်းပြီး ကျောင်းတက်ဖို့ ) မရောက်ခင်ကတည်းက သူကရောက်နှင့်နေပြီးသား အိမ်ရှင်။ အသက်ကတော့ အတော်ကြီးပြီဆိုရမယ်။ ခွေးသက်ရင့်နေတဲ့ ခွေးကြီးဖြစ်တယ် ။
ဒီကောင်က အရမ်းလိမ္မာတဲ့ကောင် ။ တော်တော်လည်းသိတတ် တယ်။ မလုပ်နဲ့ တားရင် လုံးဝ မလုပ်ဘူး။ ခွေးကြိးက လိမ္မာလွန်းလို့ ကြောက်သွားတာများ လားမပြောတတ်ဘူး ။ ဟိုဘက်ကျောင်းဘက်က ခွေးတွေနဲ့ ယှဉ်ကိုက်ရပြီဟေ့ဆိုရင် သူခံရတဲ့အလှည့်က ပိုများတယ် ။ တော်တန် ခွေးချင်းကိုက်တယ်လို့လည်း သိပ်မရှိလှဘူး ။ ရိုးရိုးအေးအေးပဲနေတယ် ။ တစ်ချို့ ခွန်းအားကြီးပြီး ထွားလှတဲ့ခွေးထီးတွေနဲ့တွေ့ရင် အမြီးလေးကို ကုတ် ပြီး ပြန်ပြန်ပြေးလာတတ်တဲ့ ခပ်ရိုးရိုး ခွေးကြီးဆိုလည်းဟုတ်တယ် ။
ကျောင်းမှာက သစ်ပင် အုန်းပင်ပေါတော့ ငှက်တွေ ၊ ရှဉ့် လေးတွေ ၊ ကြွက်တွေလည်း ပေါတယ် ။ ဒါပေမဲ့ ရှဥ့် တစ်ကောင်ဖြစ်ဖြစ်၊ ကြွက်တစ်ကောင်ပဲဖြစ်ဖြစ် သူ့ရှေ့က ဖြတ်သွားခဲ့ရင်တောင် ခပ်အေးအေးပဲ ။ လိုက်ကိုက်တယ်လို့ကိုမရှိဘူး ။ မြင်နေရတဲ့ ကျွန်တော်တို့က ကြားတဲ့က စိတ် မချင့်မရဲဖြစ်နေရလောက်အောင် ပါဏာတိပါတကံ လုံ တဲ့ ခွေးသူတော်ကြီးဆိုလည်း ဟုတ်တယ် ။
ကျောင်းကို ဦးဇင်းတစ်ပါး ယူဆောင်လာတဲ့ ခွေးပေါက် စ 3 ကောင် ရောက်မလာခင်အချိန်ထိ သူဟာ တစ်ကိုတော် အထီးကျန်ခွေး တစ်ကောင်ဆိုလည်း ဟုတ်တယ် ။ ကျောင်းကို ခွေးပေါက်စ စွာတေး 3 ကောင်ရောက်လာတော့လည်း ခွေးလေးတွေကို အနိုင်ကျင့်ဖို့ဝေးစွ ….ခွေးလေးတွေကို သူ့ ညီတွေအလားချစ်လိုက်တာ တုန်လို့ ။ သူ့ဖို့ပေးထားတဲ့ စားခွက်ထဲ က ထမင်းကို ခွေးလေးတွေက လာ လုယက် စားသောက်ရင် ကိုက်လွတ်ဖို့ဝေးစွ သူက ရှောင်နေပေးတယ် ။ ခွေးလေးတွေ ကောင်းပေ့ညွှန့်ပေ့ဆိုတာတွေ စားသောက်ဝလို့ ထွက်သွားမှ ရောက်လာပြီး အကျန်တွေကို စားတယ် ။ ခွေးလေးတွေ အရွယ်ရောက်လာတော့ လည်း သူ့ကိုပြန်ရန်လုပ်တာ ခံရတဲ့ အညံ့ခံနင်းပြား ဆိုလည်းဟုတ်တယ် ။
တစ်ခါတော့ သူတို့ချင်းဘာအခန့် မသင့်တယ်မပြောတတ်ဘူး ။ ခွေးလေးတစ်ကောင်နဲ့ ရန်ဖြစ်တယ်။ ခွေးပေါက်စ က ငယ်သလောက် လည်တယ်။ သူ့ကို မကိုက်ရသေးဘူး သခင်ကြားလောက်အောင် စူးစူးဝါးဝါး အော်တယ် ။ တ အိုင်အိုင် နဲ့အော်ပြီး သူ့သခင်ရှိရာကိုပြေးလာတယ်..။ ဦးဇင်းက လည်း ဘိုဖြူကြီး အကြီးလုပ်နေပြီး အငယ်တွေကို မညှာရကောင်းလား ၊ အနိုင်ကျင့်ရကောင်းလားဆိုပြီး(တကယ်လည်းမမြင်မတွေ့ပါဘဲနဲ့ ) တုတ် နဲ့လိုက်ရိုက်ဖို့ တုတ် လိုက်ရှာ တယ် ။ သိတတ်လိုက်တဲ့ ခွေးကြီး ….သူ့အပြစ်ကို သူ သိနေတဲ့အတိုင်းပဲ သခင် တုတ် ကိုင်လာတာကို အဝေးက လှမ်းမြင်လိုက်တာနဲ့ တစ်ချိုတည်းကို လစ်ပြေးတော့တာပဲ ။ ဟိုး တောင်ဘက်ခပ်လှမ်းလှမ်းက ကုဋီ (အိမ်သာ)ဆီ ။ ကုဋီနားရောက်တော့ အုတ်ခုံပေါ်မှာ ရပ်ပြီး သည်ဘက်ကို လည်ဆန့်ပြီး လှမ်းကြည့်ရှာတယ် ။ ဒူးတွေကတော့ ဆတ်ဆတ်တုန်နေတယ်။ သူ့မယ်လေ ကြောက်နေရှာတာ ။ မျက်လုံးလေးတွေက အသနားခံတဲ့ အကြည့် နဲ့ ။ နားနှစ်ဖက် ကိုလည်း ကားနေအောင် စွင့်ထားတဲ့သူ့ ပုံ….။ အဲသည် ညနေတစ်နေလုံး သူ့ကိုမတွေ့ရဘူး ။ သခင်စိတ်ဆိုးနေတာသိတဲ့ သူက ရိုက်ခံရမှာကြောက်လွန်လွန်းလို့ ထွက်မလာရဲရှာဘူး လေ …။
ဒီလိုနဲ့ ခွေးလေးတွေ အရွယ်ရောက်လာတယ် ။ ခွေးမလေး တစ်ကောင်က အပျိုပေါက်အရွယ်။ (လူမျက်စိနဲ့ကြည့်ရတာတော့) အတော်လေးလှတဲ့ ခွေးမလေးပေါ့ ။ သူကလည်း ခွေးလည်မလေးပဲ ။ လိမ်လည်းလိမ္မာပါတယ်။ သူက သူ့အစ်ကို ခွေးထီးနှစ်ကောင်ထက် အပျိုဘော်ဝင်တာစောတယ် ။ စိတ်ကစားတတ်နေပြီ။ လကလည်း တော်သလင်းလပေကိုး ….။တစ်ခြားကျောင်းဘက် ခွေးတွေ ပလူးနေကြပြီဆိုရင် မရဲတရဲ ခိုးခိုးကြည့်တတ်နေပြီ။ ကြည့်ကြည့်ပြီးရင်လည်း တို့မင်းသားကြီး ဘိုဖြူနားကို လာလာကပ်တယ်။ ချွဲ တယ် ။ နွဲ့တယ်။ မြှုတယ်။ ကျုပ်တို့ကောင်ကြီးလည်းဘယ်ခံနိုင်မှာလဲလေ..။ခွေးမလေးရဲ့ အချစ်ကွန်ယက်မှာ မိရှာပြီလေ ။ သူ့မယ် ချစ်လိုက်တာကလည်း တုန်နေတာပဲ။စားလည်းသည်စိတ် ၊ သွားလည်းသည်စိတ်။ တစ်နေကုန်၊ တစ်ည လုံး ခွေးမလေး နားမှာပဲ ။
ခွေးမလေးကပဲ ကောင်းကောင်းမဖွံ့ ဖြိုးတတ်သေးလို့လား ။ မတွေ့ မကြုံ ဘူးသေးတာ ကြောင့်ပဲလား ၊ သူ့ဘ၀ကို သူအနှစ်သက်ဆုံး ခွေးထီးကြီးတစ်ကောင်ဆီမှာပဲ ပုံအပ်ချင်လို့လား ။ ….ဘိုဖြူကြီးကပဲ အ နေလို့လား မပြောတတ် ။ ဘယ်အခါမှ ခွေးမလေးရဲ့ အချစ်ကို ရတယ်မရှိ ။ တစ်ရက်လည်း မဟုတ် ။ နှစ်ရက်လည်းမဟုတ် ။ ဘိုဖြူကြီးကတော့ ကြိုးစားနေဆဲ ။
ခွေးမလေးခမျာမှာလည်း ဘိုဖြူကြီးအိပ်တဲ့အချိန်ကလွဲလို့ ကျန်တဲ့အချိန်တွေမှာ ကောင်းကောင်းအနားယူရတယ်လို့မရှိဘူး ။ နောက်က တစ်ကောက်ကောက်လိုက်နေတာခံရ ၊ ။ ဘိုဖြူလို ရွတ်အိုတွခွေးကို ကြာတော့လည်း စိတ်ကုန် ငြီးငွေ့ လာတယ်နဲ့တူပါတယ် …။
တစ်နေ့တော့ ကျွန်တော်တို့ကျောင်း အရှေ့ဘက်ကျောင်းက သူနဲ့အရွယ်တူ ခွန်အားကြီးကြီး ၊ ခပ်ထွားထွား ၊ သန်သန်မာမာ ခွေးပျိုလေး ဆီကို သွားသွားလည်ပါတော့တယ် ။ အဲဒီခွေးကလည်း ဒီဘက်ကခွေးမလေးကို ခဏခဏ လာလာ မြူဆွယ်တယ် ။ ခွေးတွေ ညံလွန်လွန်းလို့ ကျောင်းကဦးဇင်းက မောင်းလွတ် လို့ သည် ဘက် သိပ်မလာရဲတော့ဘူး ။ ဟိုက မလာရဲတော့ သည် က ခွေးမလေးက သွားတယ် ။ ဘိုဖြူုကြီး ခမျာ ရင် ကွဲရပြီ။
ဟိုဘက်ကျောင်းက ခွေးတွေကလည်း ခွေးမလေးကို လာပိုးပြီဆိုရင် ခွေးထီးကြီးအပြင် နောက်လိုက် နှစ်ကောင်လောက်ပါ ပါ လာတတ်တယ် ။ ခွေးထီးပျိုနဲ့ ခွေးမပျို တို့ က ချစ်တင်းနှောဖို့ ကြိုးစားကြချိန်မှာ ကျန် ခွေးနှစ်ကောင်က စောင့်သဘောမျိုးပေါ့ ။ ဘိုဖြူကြီးခမျာ ဘာမှ မတတ်နိုင်ရှာဘူး ။ ခဲလေသမျှ သဲရေကျတော့မှာ လေ ။
တစ်ညတော့ ကျွန်တော်တို့ အိပ်ပျော်ခါစကြီးမှာ တံခါးကို လက်နဲ့လာလာတွန်းပြီး တဂျူန်းဂျူန်းလှုပ်တဲ့အသံကို ကြားရတယ် ။ ပါးစပ်ကလည်း တအီအီ နဲ့ ။ ခဏနေတော့ အသံတိတ်သွားတယ် ။ ကျွန်တော်လည်း စောင်ခေါင်းမြီးခြုံကာပြန်ကွေးနေလိုက်တယ် ။ ခဏနေတော့ အမောတကောပြန်ပြန်းလာတဲ့ခြေသံကြားရတယ်။ တံခါးကို လက်နဲ့ လာတွန်းပြန်တယ် ..။
ဒါနဲ့ ဘိုဖြုကြီးဘာများဖြစ်နေတာလဲ သိချင်တာနဲ့ တံခါးထဖွင့်ပေးလိုက်တယ်။ အပြင်ကို ကြည့်လိုက်တော့ ဘိုဖြူကြီးက အရှေ့ဘက်လမ်းမြောင်ဘက်(တောင်ဘက်ကို မျက်နှာမူပြီး) ပတတ်ရက်နေတယ် ။ သူ့နောက်က မြေမှုန်တွေဖွားခနဲ့ ဖွားခနဲ့ ဖွားခနဲ ။ရှေ့လည်း မတိုးရဲရှာဘူး ။ ပြီးတော့လေ ကျွန်တော်ရှိတဲ့နေရာကို ပြန်ပြေးလာပြီး အကူအညီတောင်းတဲ့ အမူအယာနဲ့ တအီအီလုပ်ပြီး မျက်နှာကို မော်ကြည့်တယ် ။ ပြီး အစောက ပြောခဲ့တဲ့ နေရာဆီကို တဟုန်ထိုးပြေးသွားပြန်ပြီး နောက် ခြေထောက်နှစ်ခြောင်းနဲ့ မြေကြီးကို တဖွားဖွား ရက်ထုတ်တယ.်။ တဝေါင်းဝေါင်း လည်း ထိုးထိုး ဟောင်တယ် ။ ကျွန်တော့ဆီကို လည်း ပြန်ပြေးလာပြီး အကူအညီတောင်းတယ် ။ ဖြစ်ပျက်နေပုံ .. ။ ဗြာများနေပုံ ။
ကျွန်တော်လည်း ဘာများဖြစ်နေတာလဲသိရအောင် သူရှိတဲ့နေရာကို လိုက်သွားကြည့်တယ် ။ လားလား …ခွေးမလေးက သူ့အချစ်တော် ခွေးပျိုလေးနဲ့ ချစ်တင်းနှောဖို့ ကြိုးစားနေတာကိုး။ကျွန်တော်ရောက်တော့ သူ့ မှာ အားရှိသွားတယ်ထင်ပါ့ ။ ရှေ့ ကို သုံးလေးလှမ်းလောက်တိုးကပ်သွားတယ်။ အဲဒီခွေး တွေကို လည်း ထိုးထိုးဟောင်တယ် ။ အစောင့်ခွေးကြီးနှစ်ကောင်က ပြန်မာန်ဖီတယ် ။ ပြန်မာန်ဖီလိုက်တော့ ကျွန်တော့် ဘက်ကို ပြန်ပြေးလာတယ် ။ အော် သူ့ခမျာ ခွေးမလေး ၊ သူ့ အသည်းလေး ဟို တစ်ကောင်ဘက် ပါသွားမှာ ၊ အညွန်ခူးခံလိုက်ရမှာ ဆိုးတာနဲ့ ဗျာပါဒတွေ ဖြစ်နေလိုက်တာ ။ ဂဏာမငြိမ် ဖြစ်နေလိုက်တာ ။
အော် လူမပြောနဲ့ အချစ်နဲ့ ပတ်သက်လာရင် တိရစ္ဆာန်တွေမှာတောင် ……။
ခုတော့ ဘိုဖြူ ကြီး ဆုံးသွားတာ 2 နှစ်လောက်တောင်ရှိသွားပါပြီ ။
သူ့ချစ်သူခွေးမလေးက မွေးတဲ့ခွေးပေါက်လေးတွေကို စောင့်ရှောက်နေတုန်း ဟို ဘက်ကျောင်းကခွေး 2 ကောင်က ခွေးပေါက်လေးတွေကို အန္တရာယ်လာပြုတာနဲ့ အပြန်အလှန်ကိုက်ကြရင်း ဒဏ်ရာအကြီးအကျယ်ရတယ် ။ နားရွက်တစ်ဖက်ပြတ်ကျတယ် ။ ဂုတ်မှာ အကိုက်ခံရတဲ့ အပေါက်ကြီးတစ်ပေါက် ဟောက်ပတ် ။ သည်ဒဏ်ရာနဲ့ ပဲ ပိုးဝင်ပြီး သေခဲ့ရတယ် ။
ကျွန်တော်တို့လည်း သူသေတော့ အတော်ဝမ်းနည်းခဲ့ရတယ် ။ သူ့ ကို ကျောင်းဝန်း ထဲမှာပဲ(ကုဋီ အရှေ့ဘက်) မြေကျင်းတူးပြီး မြှပ်နှံပစ်လိုက်တယ် ။
အင်မတန်လိမ္မာတဲ့ အဲဒီခွေးအိုကြီးက ကျွန်တော်ကို အများကြီး သင်ပြပေးသွားခဲ့တယ် ။ တွေးစရာတွေအများကြီးပေးသွားခဲ့တယ.် ။ သူ့ကြောင့် ခွေးလေးတွေကို ကျွန်တော်ပိုလို့ချစ်တတ်လာခဲ့တယ.် ။ တိုက်ဆိုင်တဲ့အခါ သူ့ကိုအမှတ်ရရင် ကျွန်တော့်ရင်မှာ ဆစ်ခနဲ ။
အချစ်နဲ့ပတ်သက်လာရင် အသိဥာဏ်ဖွံ့ဖြိုးတဲ့လူတွေတင်မဟုတ်ဘူး သတ္တ၀ါလေးတွေပါ ခံစားရတတ်တဲ့သဘောပေါ့။
“ရည်းစားလူလု အူနုကျွဲခတ်” ဆိုတာမျိုးနေမှာပေါ့။
ငါ့မောင်လေး လက်ရည်တက်လာပြီ။ ဘာကိုဆိုလိုတာလဲ သိတယ်ဟုတ်။း)))))))
By: thetsonehnin on January 17, 2011
at 8:52 am