ပထမဦးဆုံး လက်မှတ်အရင်သွားဝယ်တယ်..။
နေ့ခင်း 12နာရီခွဲပွဲ။ မြန်မာဟာသရုပ်ရှင်ကားကြိးတင်နေချိန်ပေါ့။
မန္တလေးမြို့ ကြီး ရဲ့ တည်ငြိမ်ပြီး အေးချမ်းတဲ့ ဆောင်းမနက်ခင်း ရဲ့ အလှကို တောင်ပေါ်ကနေ စီးကြည့်ရတော့ အင်မတန်စိတ်ငြိမ်းချမ်း ကြည်နှုးစရာကောင်းလိုက်တာ လေ ..။ စိမ်းစိမ်းစိုစို အပင်တွေ အရောင်အသွေးစုံတဲ့ ပန်းမန်တွေနဲ့ အုပ်ကာထားတဲ့ မန္တတောင်ကြီးရဲ့ အလှအပ …အရပ်လေးမျက်နှာမှာ ၀ိုင်းကာထားတဲ့ လယ်ကွင်းစိမ်းစိမ်းတွေရဲ့ ပသာဒ ၊ ဟို မြောက်ဘက်ကို မျှော်ကြည့်လိုက်ရင်လေ မတ္တရာဘက်ကို သွားတဲ့ တောတန်းစိမ်းညို့ညို့….။ ၊ ကျုံးပတ်လည်ဝိုင်းကာထားတဲ့နန်းတွင်းရဲ့ အလှ ။
ဟိုအနောက်ဘက်မှာ မြွေတစ်ကောင်ကို ကွေ့ကောက်တွန့်လိမ်စီးဆင်းနေတဲ့ ဧရာဝတီရဲ့ အလှ..။ အို စုံလို့ပေါ့ …မြင်တွေ့ခံစားခဲ့ကြ ။
ရုပ်ရှင်ချိန်ကလည်းနီးနေပြီမို့…. 3ယောက်သားဆိုင်ကယ်ကို ခပ်သွက်သွက်လေးစီးလာခဲ့ကြတယ် ။ ဟိုရောက်တော့ အပြင်မှာလူတွေတောင်မတွေ့တော့ဘူး ။
ရုံထဲတောင်ဝင်ကုန်ကြပြီ ။ ကျွန်တော်တို့လည်း ရုံထဲဝင်ပြီး မိမိနေရာကို အသီးသီး ၀င်ထိုင်ခဲ့ကြတယ် ။ကျွန်တော်တို့ က အောက်ထပ် ရုံရဲ့အလယ် တစ်နေရာမှာ…။
ရုံးပိတ်ရက်မို့ထင်ပါတယ်..ပရိတ်သတ်ကတော့ အပြည့်နီးပါးပဲ ။ ရုပ်ရှင် မပြခင် စကားတွေဖောင်နေအောင်ပြောနေကြတယ်။ ရယ်မောသံ နောက်ပြောင်သံ ၊ နေကြာစေ့ ကွာစေ့ နွှာသံ ၀ါးသံတွေ တဖြောက်ဖြောက်ကြားရတယ်။
ကျွန်တော်တို့ထိုင်တဲ့ခုံနောက်က တက္ကသိုလ်ကျောင်းသားကျောင်းသူ သူငယ်ချင်းတစ်စုထင်ပါ့ ….စလိုက်နောက်လိုက်ပြောင်လိုက် ရယ်လိုက် မောလိုက်…တော်တော်ကို အပူအပင်ကင်းမဲ့စွာ ..။ ကျွန်တော်တို့ရှေ့မှာထိုင်တာက သိပ်ကြည်နှုးနေကြသည့် အတွဲ နှစ်တွဲ ..။ ရုံထဲမှာကတော့ အသက်အရွယ်အပိုင်းအခြားမျိုးစုံ လူ တန်းစားမျိုးစုံ လာကြည့်ကြတယ်။
ထုံးစံအတိုင်း ရုပ်ရှင်မပြမီ ရုပ်ရှင်ရုံပိတ်ကားထက်ကနေ သတိပေး ကြေငြာစာများ ၊ မိးသတိပြုပါဆိုတဲ့ စာတန်းပေါ်လာတယ် ။တစ်ဆက်တည်းမှာပဲ နှုတ်ခွန်းဆက်စာတန်းများကိုပြသည်။
ထို့နောက်မှာတော့… ‘မျိုးချစ်စိတ်ရှင်သန်ထက်မြတ်သူတိုင်း မိမိနိုင်ငံတော်အလံကို အလေးပြုကြသည် ဆိုတဲ့ စာတန်းပေါ်လာပြီးသည်နှင့်တပြိုင်နက် နိုင်ငံတော်သီချင်းကို စလွင့်သည် ။ ရုပ်ရှင်ပိတ်ကားထက်မှာ တဖြတ်ဖြတ်လူးလွင့်နေသည့် နိုင်ငံတော်အလံကြီး ….အနီရင်ရောင် အောက်ခံပေါ်မှာ စက်မှုလယ်ယာနိုင်ငံတော်ကိုကိုယ်စားပြုသည့် သင်္ကေတ နှင့် အတူ ၀န်းရံထားသည့် ပြည်နယ်နှင့်တိုင်း 14 ခု ကို ကိုယ်စားပြုသည့် ကြယ်14လုံး ….။ ကျွန်တော်တို့သူငယ်ချင်း 3 ယောက် အပြင် လူတစ်ချို့ထမတ်တပ်ရပ် အလေးပြုကြတာကို တွေ့  ရသည်။
နိုင်ငံတော်အလံကို အလေးပြုတာ ရှက်စရာလိုလို …အ တာလိုလို ၊ ကြောက်တာလိုလို ထင်နေသည့် သူများ………။
ကျွန်တော်အတွေးဝင်မိသည် …။ ဆရာမကြီးမတင်ဝင်း ရေနံချောင်းကျောင်းအုပ်ကြိးဘ၀တုန်းက သူ့တပည့်တွေကို ဆိုဆုံးမပုံကို နားထဲပြန်ကြားနေမိသည် ။
state ကျောင်းသားဘ၀ကဆိုရင် ကျောင်းဆင်းကျောင်းတက် နိုင်ငံတော်သီချင်းဆိုကြရသည် ၊ နိုင်ငံတော်အလံကို အလေးပြုကြရပါသည် ။
ညနေကျောင်းဆင်းချိန်ဆို ကျောင်းသားတွေက ဂနာမငြိမ်တော့  ။ အိမ်ပြန်ချင်စိတ်က ကြီးစိုးနေသည် …။ နိုင်ငံတော်သီချင်းကို လည်း လိုက်မဆို ။အလေးလည်းကောင်းကောင်းမပြု ။ တစ်ချို့ က ခြေတစ်ဖက်ကို အခန်းအပြင်ထုတ်ထားသည် ။ တစ်ချို့ကတော့ လွယ်အိတ်ကောက်ယူနေရရင် အချိန် 2 စက္ကမျှပုပ်သွားမည်ကို အထူးစိုးရိမ်သဖြင့် လွယ်အိတ်ကို ကြိုတင်လွယ်ထားကြသည် ။ စာအုပ်ကို ပိုက်ထားသည် ။ထမင်းချိုင့်ကို လက်က စွဲထားသည် ။ ဆရာဆရာမတွေ ဘယ်လိုပြောပြော မရ ၊ ပြောတုန်းခဏသာ ။
တစ်နေ့တော့ ကျောင်းအုပ်ကြီးက assemblyတွင် မိန့် ခွန်း ( သြ၀ါဒစကား) ပြောသည် ။
သားတို့ သမီးတို့ …… ဟိုး အလံတိုင်ထိပ်မှာ တဖျတ်ဖျတ်လွင့်နေတဲ့ နိုင်ငံတော်အလံကိုမြင်ကြရဲ့လား ..လို့မေးလိုက်တယ် ။ မြင်ပါတယ်ဆရာမကြီးပေါ့ ။
အေး..မှတ်ထားတပည့်တို့ နိုင်ငံတော်အလံလွှင့်တင်နိုင်တဲ့ နိုင်ငံတိုင်းဟာ လွတ်လပ်တဲ့ နိုင်ငံဖြစ်တယ်..။
တပည့်တို့ ခု လို လွတ်လွတ်လပ်လပ် ကစားနေနိုင် …ကျောင်းတက်နေနိုင် တာဟာ လွတ်လပ်ရေးကို အသက်နဲ့ရင်း သွေးနဲ့ရင်းပြီး ပြန်လည်ရယူပေးခဲ့တဲ့ မင်းတို့ရဲ့ နောင်တော်ကြီးတွေ ဘိုးဘွားတွေကြောင့် ခုလို နေနိုင်တာပဲ။
Leave a Reply